(အလင်းပျောက်သော အမှောင်ကလူ)

အလင်းပျောက်သော အမှောင်ကလူ
အိမ်ခြံမြေလောကအမှတ်တရများ
အပိုင်း၂…..

“ဒီကောင်လေးက သူ့အဖေနဲ့အတူ ရေခူလုပ်ငန်းလုပ်ကိုင်ရင်း ဂီရိမုန်တိုင်းမှာ စီးပွားပျက်သွားရှာတယ် ဒါပေမယ့် ပြန်ကြိုးစားလာတာ ၃နှစ်အတွင်းအရမ်းချမ်းသာလာတာ မြင်ပြီးဝမ်းသာမိတယ်ကွာ”………
(ရှေ့နေကြီးရဲ့ပီတိစကား)

အိမ်ခြံမြေကိုဝယ်ရောင်းလုပ်ရင်း လူသိလာတော့ တချို့မိတ်ဆွေတွေကလည်း ခြံရောင်းပေးဖို့အပ်လာတာမျိုးရှိလာတဲ့အခါ ပွဲစားအမြင်နဲ့မဟုတ်ပဲ ရောင်းဝယ်တစ်ယောက်အနေနဲ့ မျှမျှတတနဲ့ ပွဲပြတ်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်။
တချို့ကျတော့လည်း မာနတွေကိုရှေ့တန်းတင်လို့ အတ္တလွန်ကဲတဲ့စိတ်တွေကြောင့် ပွဲပျက်ရတာတွေလည်း ကြုံခဲ့ရပါတယ်။

တခါက ကျွန်တော်နဲ့ရင်းနှီးတဲ့ အန်ကယ် ရှေ့နေကြီး ဦး…….(ကွယ်လွန်)နဲ့အတူခြံအရောင်းအဝယ်တစ်ခု
လုပ်ဖြစ်ကြပါတယ်။ သူ့ရဲ့အမှုသည်ဖြစ်ဖူးတဲ့မိတ်ဆွေက စီးပွားရေးလောကမှာ တရှိန်ထိုး အောင်မြင်လာပြီးတဲ့နောက် ကွန်ဒိုတွေအများကြီးပိုင်ဆိုင်လာပေမယ့် ခြံကောင်းကောင်းလေးတစ်ကွက် လိုချင်လို့ ရှာပေးပါဆိုတာနဲ့ သင်္ဃန်းကျွန်းသွားဆေးတက္ကသိုလ်ရဲ့
နောက်ကအိမ်ယာတစ်ခုမှာ ပေ၁၀၀ ပတ်လည်ခြံတစ်ကွက်ကိုလိုက်ပြပါတယ်။

ဝယ်မယ့်သူက ကျောက်ဖြူရေနက် ဆိပ်ကမ်းမှာ ကယ်ရီသင်္ဘောတွေ ပိုင်ဆိုင်ထားပြီး တရုတ်ရဲ့ကျောက်ဖြူ စီမံကိန်းမှာ အလုပ်ဖြစ်နေသူဆိုတော့၊ အသက်ကလည်း၃၀ဝန်းကျင်ဆိုတော့ မာန်ကလည်းတော်တော်တက်တယ်
ပြောရမယ်။ ကိုယ်ပြောတဲ့စကားကို သေချာ နားမထောင်ပဲဂရုမစိုက်သလို စိတ်မဝင်စားသလိုအမူအရာနဲ့ဆက်ဆံတယ်။ ကိုယ်ကလည်း အကျိုးဆောင်သာလုပ်နေတာ ကိုယ်ပိုင်မြေကွက်နဲ့အိမ်တွေမနည်းဘူး
ဝယ်ထားတာဆိုတော့ ကိုယ့်မာနနဲ့ကိုယ် စကားအများကြီး မပြောဘူး။ စထဲကယဉ်သကိုယ် ဆိုပါတော့။

ရောင်းမယ့်မြေကွက်နဲ့အိမ်က အရမ်းကောင်းတယ်ပြောရမယ် ဝယ်မယ့်သူက အိမ်မြင်တာနဲ့တန်းကြိုက်သွားတာပဲ။
ရေကူးကန်ကို Water filter circulation systemနဲ့လုပ်ထားတော့ အမှိုက်ဆိုတာမရှိဘူး။ ကားဂိုဒေါင် နဲ့ခြံထဲမှာဂေါက်ကွင်းနဲ့ အိမ်ရဲ့ကြမ်းခင်းတွေကို
မာဘယ်လ်ကျောက်ပြားတွေနဲ့ခင်းထားပြီး ပစ္စည်းကောင်းတွေသုံးထားတာဆိုတော့ မကြိုက်ပဲဘယ်နေပါ့မလဲ ။
သူ့မိန်းမကလည်းချောချောလေး ၊သားလေးတစ်ယောက်ထဲနဲ့ဆိုတော့ ခြံကြီးက အပန်းဖြေလို့ကောင်းမယ်လို့ သူကပြောခဲ့တယ်။

အဲဒါနဲ့ပဲဈေးဆိုင်ကြတာပေါ့။ ရောင်းဈေးက သိန်း၅၅၀၀ ခေါ်ထားတယ်။ ပွဲခကို၃ရာခိုင်နှုန်းပေးမယ်။ ဝယ်သူကဈေးဆစ်တယ်။ သူက ၉ဂဏန်းသမားမို့လို့ ဈေးလျှော့ပေးပါဆိုတော့ အဲဒါဆို သိန်း၅၄၀၀ ရမယ်တဲ့။ ဝယ်သူကလည်း သိန်း၄၅၀၀ ရရင်ယူမယ်။
လုံးဝမတိုးပေးတော့ဘူးဆိုတော့ ရောင်းသူကလည်း ဗိုက်နာနေတာနဲ့ အရောင်းအဝယ်ဖြစ်ကြရောပေါ့။ (နောက်မှသိတာက ရောင်းသူကဗိုက်မနာပါဘူး ခြံဈေးတွေငြိမ်လာတာနဲ့ငွေဖော်ဖို့ပြင်ဆင်နေတဲ့ တကယ့်သူဌေးတွေပါ)

အရောင်းအဝယ်က ပစ်စလတ်ခတ်နိုင်တယ် ပြောရမယ်။ ကားထဲကသိန်း၅၀သွားယူလာပြီး စရံချမယ်ဗျာ စာရွက်အလွတ်မှာပဲရေးလိုက်ပါ အချိန်မရလို့ ဆိုပြီး ၃လအတွင်း ပထမလမှာ သိန်း၅၀၀ ဒုတိယလမှာ သိန်း၁၀၀၀ တတိယလမှာ အကျေချေမယ်
လို့ရေးပြီးလက်မှတ်ထိုးကြတယ်။ သိန်း၅၀တန်တဲ့ စာရွက်လေးက သူတို့အတွက်ဘာမှမဟုတ်သလိုမျိုး၊ ကျွန်တော်နဲ့ရှေ့နေကြီးကသာ မျက်လုံးတွေပြူးလို့ပေါ့။ ရှေ့နေကြီးကတော့လမ်းမှာ ပြောလာသေးတယ်။
ကိုစိုင်းရေ မင်းနဲ့အန်ကယ်က အလုပ်တော့ဖြစ်သားကွတဲ့။ တကယ်ရိုးသားပြီး အရမ်းတော်တဲ့ရှေ့နေကြီးပါ။

၂၀၀၈လောက်ကနေ ၂၀၁၃လောက် အချိန်ထိကအိမ်ခြံမြေလောကရဲ့အထွဋ်အထိပ်အချိန်ပဲ။ ငွေမည်းတွေကို ငွေဖြူဖော်နေကြတဲ့အချိန် ကိုယ်တွေက ငွေဖြူတွေရှာရင်း ငွေမည်းတွေပိုက်မိနေသလိုပါပဲ။ အခွန်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုပါပဲ။
အေဂျင်စီအလုပ်ကလည်း စာရွက်စာတမ်း အဆင့်ဆင့်တွေနဲ့ လုပ်ကိုင်ရတာသိပ်မရှိသေးချိန်ဆိုတော့ အလုပ်တွေတော်တော်ဖြစ်ပါတယ်။

ဒီလိုနဲ့ပထမလမှာ သိန်း၅၀၀ သွားယူတော့ ခြံရှင်က မင်းပဲယူခဲ့ပါကွာဆိုတာနဲ့ သူတို့နေတဲ့ အောင်ဆန်းကွင်းနားက ကွန်ဒိုကြီးမှာသွားယူရတယ်။ အဲဒီကွန်ဒိုကလည်း တိုက်ခန်းတွေကိုအရစ်ကျနဲ့ရောင်းပြီး နာမည်ကြီးနေတဲ့ကွန်ဒို ။
လုံခြံရေးစနစ်ကတော့ ကောင်းတယ်ဗျာ။ အဆင့်ဆင့်တက်ရတာ။ အပေါ်ရောက်တော့ သူတို့အခန်းထဲဝင်လိုက်တာ အခန်းရဲ့ဘေးနံရံနားမှာ ပီနမ်အိတ်တွေနဲ့ အထုပ်ကြီးတွေတန်းစီပြီး ချထားတာအများကြီးပဲ။
သူကတော့ခဏပဲစကားပြောနိုင်တယ်။ ဒါပေမယ့် သူကစင်္ကာပူမှာ Stock ကစားတယ်။ ဒေါ်လာသန်းချီ စင်္ကာပူဘဏ်ထဲမှာရှိတယ်။ အင်တာနက်တွေ လိုင်းမကောင်းသေးတဲ့ မှာအချိန် သူတို့ကွန်ဒိုက လိုင်းအရမ်းကောင်းလို့ နေဖြစ်တာဆိုပဲ။
အဲဒါနဲ့ သိန်း၅၀၀ကို ခုနကတွေ့တဲ့ အထုပ်ထဲကယူပေးလိုက်တယ်လေ။ ဟာ ဒီလူတော်တော်ချမ်းသာတာပဲ စီးပွားရေးတော်တော်အကွက်မြင်တာပဲလို့ စိတ်ထဲကချီးကျူးရင်း ပြန်လာခဲ့တယ်။

သူတို့သာ အရောင်းအဝယ်ဖြစ်ပြီး ငွေအပေးအယူလုပ်နေကြတာ ဘာစာချုပ်မှမချုပ်ကြဘူး။ ပိုင်ရှင်ကတော့ ဝယ်သူကမချုပ်လို့ သူလည်းမချုပ်တာမို့ပြဿနာမရှိဘူး။ စိတ်ထဲမှာတော့ တထင့်ထင့်နဲ့ပေါ့။
ဒီလိုနဲ့ ဒုတိယလမှာ ပြဿနာကစတက်ပြီ သိန်း၁၀၀၀ပေးရမယ့်ရက်မှာ ဝယ်သူကို ဆက်သွယ်လို့မရဘူး။ ခြံရှင်ကလည်း သူ့စီးပွားရေးလုပ်ငန်းကို တိုးချဲ့နေတော့ ငွေပေးစရာရှိတာကို ချိန်းထားတာအဲဒီရက်ဖြစ်နေလို့ အကြပ်ရိုက်ပြီး သူ့ကွန်ဒိုကိုသွားမေး၊
ကျွန်တော့်အိမ်ကိုခဏခဏလာနဲ့ ပြာယာခတ်နေတာပဲ။ တကယ်တော့ ကျွန်တော်တို့က ပွဲခတပြားမှမယူထားသေးပါဘူး။ နောက်ပိုင်းစိတ်ရှုပ်စရာတွေ ဖြစ်လာတော့တာပါပဲ။ ဝယ်တဲ့သူကလည် ရခိုင်မှာ အလုပ်များနေလို့ဆိုပြီး ၃လပြည့်မှ
ငွေအကျေချေမယ်ဆိုတာပြောလာတော့ စကားတွေများလာကြတယ်။ အချေအတင်နဲ့ အစေးမကပ်ကြတော့ဘူး။ ပိုင်ရှင်က အညာသား၊ဝယ်သူကရခိုင်၊ အညာသားနဲ့ရခိုင် ဘုဘောက်တွေ စတွေ့ကြတော့တာပဲ။

ဒီလိုနဲ့အရောင်းအဝယ်လုပ်မယ့် နေ့ရောက်လာတယ်။ ကျွန်တော်တို့လည်း စာချုပ်စာတမ်းတွေ ပြင်ဆင်ပြီး ခြံမှာသွားစောင့်နေတယ် ။ဝယ်သူရောရောင်းသူပါ ခြံကိုမလာကြဘူး။ ညနေလောက်ကျမှ ဝယ်သူက ငွေအပြည့်နဲ့ရောက်လာပေမယ့်
ရောင်းသူက သူနေတဲ့အိမ်ကိုလာခဲ့ပါ ဝယ်သူကလည်း ခြံမှာပဲငွေချေမယ်ဆိုပြီး တင်းခံနေကြရင်းနဲ့ ဖုန်းတွေနဲ့အပြန်အလှန်စကားများကြတော့တာပဲ။

နောက်ဆုံးတော့ ပိုင်ရှင်နဲ့ဝယ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပဲ စကားပြောမယ်ဆိုပြီး ချီတက်ကြပါလေရော။ နှစ်ဖက်လုံးက အုပ်စုလိုက်လာကြတာဆိုတော့ ရပ်ကွက်ရုံးကလည်း အလန့်တကြားတွေ ဖြစ်ကုန်ပြီး မေးမြန်းကာမှပဲအရှိန်တွေတက်ပြီး
မင်းကဘယ်လောက်ချမ်းသာလဲ တွေဖြစ်ပြီးပါလာတဲ့ငွေနဲ့ကားတွေမီးရှို့မလားဆိုပြီး ဝယ်သူဘက်ကပြောတယ်။ အခြေအနေကတင်းမာလာပြီး ဝယ်သူက သူ့တပည့်တွေကို ဓာတ်ဆီပုံးကိုင်ပြီး ကားဘေးမှာအဆင်သင့်စောင့်နေကြဆိုတော့ အကုန်ရှုပ်ကုန်တဲ့အချိန်
ရဲတွေရောက်လာလို့ပဲ ပွဲပြတ်တော့တယ်။

အရောင်းအဝယ်လည်းပျက် အခြေအနေတွေကလည်း ရှုပ်ထွေးသွားတော့ စိတ်ပျက်လက်ပျက်နဲ့ ကားနားအရောက်မှာ ဓာတ်ဆီပုံးနဲ့စောင့်နေတဲ့ သူ့တပည့်တွေတွေ့လို့ ဒီကားက ကျွန်တော့်ကားပါဗျာလို့ တောင်းပန်ရင်း ကားမောင်းထွက်လာပါတော့တယ်။

ဒီလိုနဲ့ ဒီအဖြစ်တွေကို မေ့မေ့ပျောက်ပျောက်နဲ့နေလာရင်းတနေ့မှာ သတင်းထူးတွေပါလာပါတော့တယ်။ မူးယစ်ဆေးဝါး လိုက်ဖြန့်နေတဲ့ကားတစ်စီးကို ဖမ်းမိရင်း အဓိကပိုင်ရှင်ကို လိုက်ရာကနေ နောက်ဆုံးစစ်တွေမှာ ဖမ်းမိခဲ့တယ်ဆိုတဲ့
သတင်းက အံ့သြစေခဲ့ပါတယ်။ ပိုင်ဆိုင်မှုတွေစိစစ်သိမ်းဆည်းလိုက်တာ သိနိးပေါင်းသိန်းချီချမ်းသာနေတဲ့ ပိုင်ရှင်သည်ကား တခြားလူမဟုတ်….

အမှောင်ထဲကိုတိုးဝင်မိရင်း မှောင်ကမ္ဘာထဲမှာ ကျင်လည်ရင်း အလင်းရောင်ဆီကို ပြန်မရောက်နိုင်တော့တဲ့ လူငယ်လူတော်လေးတစ်ဦးဟာ သူ့ဇနီးချောနဲ့အတူ ပြစ်ဒဏ်ကနေ လွတ်မြောက်လာနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း သူချစ်တဲ့ သူ့သားငယ်လေးကို
ဘာမှမရှိတော့တဲ့ဘဝမှာ ထားခဲ့ရတဲ့အတွက်ကြောင့် နောင်တတွေတပွေ့တပိုက်နဲ့ ခံစားနေရမှာပါ။

သူပြောခဲ့တဲ့စကားလေးတစ်ခွန်းတော့ မှတ်မိပါသေးတယ်။”ကျွန်တော်တို့ရခိုင်ဒေသမှာ အရမ်းဆင်းရဲကြတယ်ဗျာလူငယ်တွေ ပညာတတ်တွေလည်းမရှိကြတော့ဘူး ကျွန်တော်ကျောက်ဖြူစီမံကိန်းမှာ အလုပ်အကိုင်တွေရှာပေးချင်တယ်ဗျာ
ဒါကြောင့်လည်း ကြိုးစားနေတာပါ”ဆိုတဲ့ သူ့စိတ်ရင်းကလာတဲ့စကားသံကို ပြန်လည်ကြားယောင်မိရင်းတချိန်က ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြန်မျှဝေလိုက်ပါတော့တယ်။

ကိုစိုင်း ငွေကြိုးကြာ 3.2.2019

ဓာတ်ပုံအား
အဆိုတစ်ယောက်ရဲ့သီချင်းစာသားနဲ့
သူ့သီချင်းကြိုက်လို့ယူသုံးထားပါတယ်။

Share: