May 12, 2015 News 0 Comments

၂၀၁၈ခုနှစ်၁လပိုင်း၁၂ရက်နေ့ ဂျပန် “မာအိနိချိ” သတင်းစာမှသတင်း

( တရားရေးဝန်ကြီးဌာန) ဒုက္ခသည်လျှောက်ထားမှုကိုကြပ်မတ်၊ အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်ခြင်းကိုထိန်းချုပ်၊ စစ်ဆေးမှုကိုလျှင်လျှင်မြန်မြန်အကောင်အထည်ဖော်လုပ်ဆောင်သွားမည်။

၂၀၁၈ခုနှစ်၁လပိုင်း၁၂ရက်နေ့ ဂျပန် “မာအိနိချိ” သတင်းစာမှသတင်းကို အကီမှ ဆီလျှော်အောင် ဘာသာပြန်သည်။

တရားရေးဝန်ကြီးဌာနဟာ၁၂ရက်နေ့၊ ဂျပန်နိုင်ငံထဲမှာ ဒုက္ခသည်အသိအမှန်ပြုဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသားတွေများပြားလာနေတဲ့အတွက်၊ ၁၅ရက်နေ့ကနေစပြီး ဂျပန်ဒုက္ခသည်အသိအမှတ်ပြုစနစ်သစ်ကိုစတင်မယ်လို့ ကြေညာလိုက်ပါတယ်။

“ကာလတိုနေထိုင်မှု” ကဲ့သို့ ဗီဇာရှိပြီးသားလူတွေ လျှောက်ထားတဲ့အခါ၊ ၆လပြည့်လျှင် အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ လက်ရှိစနစ်ကို ပြန်လည်ပြင်ဆင်။
အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်ချက်ဖြင့် လိမ်ညာလျှောက်ထားမှုကိုထိန်းချုပ်ပြီး၊ တကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ ဒုက္ခသည်ကာကွယ်စောင့်ရှောက်ခြင်းကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။

ဒုက္ခသည်လျှောက်ထားမှုတွေဟာ ဒီနှစ်ပိုင်းမှာ ရုတ်တရက်တိုးပွါးလာပြီး၊ စစ်ဆေးမှုတွေမှာလည်း အချိန်ကြာမြင့်မှုတွေရှိနေပါတယ်။ တရားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ၊ စစ်ဆေးချိန်ဟာ ပျမ်းမျှခြင်း ၁၀လခန့်ဖြစ်ပြီး၊ အဲ့ဒီနောက်ပိုင်း အသနားခံ ပြန်လည်လျှောက်ထားခြင်းတွေပါ ထည့်သွင်းမယ်ဆိုလျှင် ဆုံးဖြတ်ချက်ချဖို့ ၃နှစ်လောက်ကြာတယ်လို့ဆိုပါတယ်။ အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်တဲ့လူတွေအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပေမယ့်၊ တကယ့်ဒုက္ခသည်နိုင်ငံခြားသားတွေအတွက်ကတော့ မတည်ငြိမ်တဲ့အခြေအနေတွေမှာ အချိန်ကြာကြာအထားခံထားရတဲ့ အခြေအနေတွေဖြစ်နေပါတယ်။

စနစ်သစ်မှာတော့ တိုးပွားလာနေတဲ့ဒုက္ခသည်လျှောက်ထားမှုရဲ့ တစ်ဝက်လောက်ရှိတဲ့၊ ကာလတိုဗီဇာ၊ ကျောင်းသားဗီဇာ၊ သင်တန်းသားဗီဇာ စတဲ့ ဗီဇာကို ကိုင်ဆောင်ပြီး လျှောက်ထားမယ့်လူတွေကို ရည်ရွယ်ပါတယ်။

ပထမအကြိမ်လျှောက်မယ့်နိုင်ငံခြားသားကို ၂လအတွင်းမှာ အမျိုးအစားခွဲစစ်ဆေးပြီး တကယ့်ဒုက္ခသည်ဖြစ်ဖို့ များတဲ့လူတွေနဲ့ လူ့အခွင့်အရေးအရ စာနာထောက်ထားသင့်တယ်လို့ ထင်တဲ့လူတွေကို အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ဗီဇာကို မြန်မြန်ချပေးမှာဖြစ်ပါတယ်။
ဒုက္ခသည်လို့ ယူဆရတဲ့ သူတွေကို ၆လမတိုင်ခင်မှာပဲ အလုပ်လုပ်ခွင့် စတင်ခွင့်ပြုမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လျှောက်ရတဲ့ အကြောင်းပြချက်က “အကြွေးမဆပ်နိုင်လို့ထွက်ပြေးလာတယ်” စတဲ့ ဒုက္ခသည်နဲ့ဘာမှမသက်ဆိုင်တဲ့အခါ၊ လက်ရှိဗီဇာကုန်တဲ့အခါ အခြာဗီဇာကို မပြောင်းပေးဘဲ၊ ပြည်နှင်ဒဏ်ပေးမှာဖြစ်ပါတယ်။
နောက်ပြီးတော့ ပထမအကြိမ်လျှောက်ထားတဲ့လူတွေထဲက ဒုက္ခသည်အစစ်လားအတုလား လွယ်လွယ်ကူကူ ဆုံးဖြတ်လို့မရတဲ့လူတွေကိုတော့ ၂လအတွင်းမှာ လွယ်ကူတဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး၊ ၆လကြာတဲ့အခါ အလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာကို ပြောင်းပေးပါ့မယ်။

သို့ပေမယ့် ထွက်ပြေးလာတဲ့ သင်တန်းသားတွေနဲ့ ကျောင်းမတက်တော့တဲ့ ကျောင်းသားတွေ ဒုက္ခသည်လျှောက်လာကြတဲ့အခါ ဂျပန်မှာ ဆက်လက်နေထိုင်ခွင့်ပေးပေမယ့် အလုပ်လုပ်ခွင့်ကိုတော့ မပေးပါဘူး။

လျှောက်ထားမှုကို အကြိမ်ကန့်သတ်ထားမှုမရှိပေမယ့်၊ တစ်ကြိမ်ပယ်ခံထိတဲ့လူတွေ ထပ်လျှောက်လာရင်တော့ ဗီဇာပေးမှာမဟုတ်ပါဘူး။ သို့ပေမယ့် လျှောက်ထားသူရဲ့ တိုင်းပြည်အခြေအနေတွေကိုပါထည့်သွင်းစဉ်းစားပြီး ပျော့ပြောင်းစွာ ကိုင်တွယ်သွားမှာဖြစ်ပါတယ်လို့ လဝကအရာရှိကပြောပါတယ်။

◇ သမိုင်းမှာအများဆုံးစံချိန်တင်
ဒုက္ခသည်လျှောက်ထားမှုအရေအတွက်ဟာ၊ လျှောက်ထားပြီးလို့ ၆လပြည့်လျှင် အလုပ်လုပ်ကိုင်ခွင့်စပေးခဲ့တဲ့ ၂၀၁၀ ၃လပိုင်းနောက်ပိုင်းမှာ ရုတ်တရက်တိုးပွါးလာနေပါတယ်။ စစ်ဆေးမှုကြာနေတဲ့အချိန် စီးပွါးရေးအရစာနာထောက်ထားတဲ့အတွက် အလုပ်လုပ်ခွင့်ပေးပေမယ့်၊ အဲ့ဒီနှစ်မှာ ၁၂၀၂ယောက်ပဲရှိခဲ့တဲ့ ဒုက္ခသည်လျှောက်ထားသူတွေဟာ နောက်နှစ်ကနေစပြီး သမိုင်းမှာအများဆုံးဖြစ်တဲ့အထိ စံချိန်တင်လာခဲ့ပါတယ်။

တရားရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ မနှစ်ရဲ့ ၁လပိုင်းမှ၉လပိုင်းအထိ ဒုက္ခသည်လျှောက်ထားတဲ့အရေအတွက်ဟာ ၁၄၀၄၃ယောက်(ယခင်နှစ်ထက်၇၇ရာခိုင်နှုန်းတိုး)ဖြစ်ပြီး၊ ၂၀၁၆ခုနှစ်ရဲ့၁၀၉၀၁ယောက်ကို အများကြီးကျော်လွန်နေပါတယ်။ လျှောက်ထားတဲ့လူတွေကို နိုင်ငံအလိုက်ကြည့်မယ်ဆိုရင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အင်ဒို၊ နီပေါ စတဲ့နိုင်ငံ၅နိုင်ငံဟာ လျှောက်ထားတဲ့လူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းရှိပါတယ်။

နောက်ပြီးတော့ ကာလတိုဗီဇာ၊ သင်တန်းသားဗီဇာ၊ ကျောင်းသားဗီဇာ စနဲ့ ဗီဇာရှိတဲ့လူတွေလျှောက်ထားမှုဟာ လျှောက်ထားတဲ့လူအားလုံးရဲ့ ၉၄.၈ ရာခိုင်နှုန်းရှိပါတယ်။

တရားရေးဝန်ကြီးဌာနဟာ စနစ်သစ်ကြောင့်၊ လက်ရှိဗီဇာရှိပြီး လျှောက်လာသူတွေထဲက ၄၀ရာခိုင်နှုန်းခန့်ဟာ ဗီဇာအသစ်မရနိုင်ဘူး(ဗီဇာပြောင်းလို့မရနိုင်ဘူး)လို့ ခန့်မှန်းထားပါတယ်။

အခြားတစ်ဖက်မှာတော့ မနှစ်ရဲ့၁လပိုင်းကနေ၉လပိုင်းအထိ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့တာ ၁၀ယောက်သာရှိပြီး၊ လူ့အခွင့်အရေးအရ စာနာထောက်ထားပြီး နေထိုင်ခွင့်ချပေးခဲ့တာ ၃၄ယောက်သာရှိပါတယ်။

ဂျပန်ဒုက္ခသည်ပေါ်လစီကျွမ်းကျင်သူ တက္ကသိုလ်ကျောင်းဆရာကတော့ “ဂျပန်ရဲ့ဒုက္ခသည်သတ်မှတ်မှုဟာ တင်းကြပ်လွန်းပြီး၊ နိုင်ငံတကာစံနှုန်းတွေကိုအခြေခံနေပြီး၊ အမှန်တကယ် ကာကွယ်စောင့်ရှောက်မှုကို လိုချင်နေတဲ့လူတွေ မရတာတွေရှိနေတယ်”လို့ ထောက်ပြသွားပါတယ်။

“စနစ်သစ်ကို အရေးပေါ်အနေဖြင့်မသုံးမဖြစ်သုံးရသလို၊ လျှောက်ထားသူရဲ့တိုင်းပြည်အခြေအနေကိုလည်းကြည့်ပြီး တတ်နိုင်သလောက် ကယ်ဆယ်ဖို့ကိုလည်း မလုပ်လို့မရပါဘူး”လို့ လဝကရဲ့ တာဝန်ရှိသူကပြောပါတယ်။

မူရင်းသတင်းကိုဖတ်ချင်ရင်တော့ ဒီအောက်က link မှာ ဖတ်နိုင်ပါတယ်။
https://headlines.yahoo.co.jp/hl…

မေတ္တာဖြင့်
အကီ ။ ။

Share: