အိမ်ခြံမြေအရောင်းအဝယ်လောက အမှတ်တရများ
အပိုင်း (၁)
ကျွန်တော်အိမ်ခြံမြေအရောင်းအဝယ်တွေ လုပ်နေတုန်းက အရာရှိအကြီးကြီး တစ်ယောက်ရဲ့မြေကွက်ကို ရောင်းပေးဖို့ စာရွက်စာတမ်းမိတ္တူတွေလာပေးတော့ စိတ်ဝင်စားပြီးကြိုးစားရောင်းပေးဖူးတယ်။
သာကေတဧရာဝဏ်လမ်းမကြီးနား လုံးချင်းအိမ်ယာအကွက်ထဲက ပစ်ထားတဲ့ မြေကွက်တစ်ခုပါ ။ ပေ၁၀၀ပတ်လည်မြေကွက်တွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေရှိတဲ့ အိမ်ယာဖြစ်ပြီး ဂရန်အမည်ပေါက်နဲ့ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာတဲ့မြေကွက်
ဆိုတော့ အရောင်းအဝယ်တွေ အရမ်းကောင်းနေတဲ့အချိန်မှာ ခေါ်ထားတဲ့ဈေးကလည်း မြေကြီးသက်သက်ကို သိန်း၅၀၀၀နဲ့ ခေါ်ထားတာ များတယ်လို့မဆိုသာဘူး။ ဘေးနားကအိမ်တွေကလည်း ဗိုလ်ချုပ်ဘယ်သူ၊ဝန်ကြီးဘယ်သူဆိုတဲ့ အိမ်ကြီးတွေလည်းရှိနေတော့
တချို့လည်းဝယ်ထားပြီး ဒီအတိုင်းပစ်ထားတဲ့ မြေကွက်တွေလည်းရှိပါတယ်။ ဒီမြေကွက်တွေက အရာရှိကြီးတွေ အတွက်နိုင်ငံတော်ကမြေကွက်ဖော်ထုတ်ပြီး သတ်မှတ်ဈေးနဲ့ ရောင်းချပေးထားတာ ဈေးနှုန်းလည်းရေးထားတာတွေ့ရပါတယ်။
ဘာပဲပြောပြော အိမ်ခြံမြေဆိုတာ ဝယ်ပြီးတာနဲ့ဈေးတက်တယ် သေချာပေါက်မြတ်တယ်ဆိုတဲ့၂၀၁၀နောက်ပိုင်းအချိန်မှာ လူတွေလက်ထဲငွေရှိတာနဲ့ အလုအယက်မြေလိုက်ဝယ်နေတဲ့ အချိန်မှာ ရောင်းသူကစင်ပေါ်မှာပဲ။ အဲဒီမြေကွက်ကိုဝယ်လက်ကကြိုက်တယ်။
ဈေးကိုတော့များလို့ဈေးဆစ်ခိုင်းတယ်။ ပိုင်ရှင်ကလည်း ကျွန်တော်နဲ့ပဲ စကားပြန်တယ်။ လုံးဝမလျှော့ပါဘူးတဲ့ ။ သူကလည်း နိုင်ငံရေးမှာသာ အပေါက်ဆိုးပြီး အသံကျယ်တာ အပြင်မှာတော့စကားပြောချိုပါတယ်။
ကျွန်တော်ကလည်း ရောင်းသင့်တဲ့ ဈေးဖြစ်နေတာကြောင့် ” အဘရယ် ဒီဈေးနဲ့ကတော့မဆိုးပါဘူး အဘလည်း ဒီအတိုင်းပစ်ထားတာပဲ ငွေပေါ်တာပေါ့ ” ဆိုပြီး ပွဲစားအထှာနဲ့ပြောတော့ အဘကလည်း “ငါ့တူရယ် မရောင်းရလည်းဘာမှမဖြစ်ပါဘူး သူတို့လည်းဝယ်နိုင်တာပဲကွာ ဈေးဆစ်ချင်ရင် တခြားမြေကွက်သာ ရှာပေးလိုက်ပါကွာ”ဆိုပြီး လေသံအေးအေးလေးနဲ့ စကားအပြတ်ပြောလိုက်တော့ ကျွန်တော်လည်း အသာလေး နောက်ဆုတ်ပြန်ခဲ့ရတော့တာပေါ့။
ဟိုဘက်ကလည်း မဝယ်ဖြစ်တော့ဘူး။ မြေကွက်ဝယ်မယ့်ပိုက်ဆံ ဆိုင်ခွဲတွေပဲချဲ့လိုက်တော့မယ်ဆိုပြီး အရောင်းအဝယ်ပျက်ရောပေါ့ဗျာ။ အဘမှာလည်း မြေကွက်တွေကများတော့ သူ့မြေကွက်တွေကို ပုံသေဈေး သတ်မှတ်ထားတယ် ထင်ပါရဲ့။ တချိန်ကလယ်မြေဖြစ်ခဲ့ဖူးတဲ့ အဲဒီနေရာက လယ်ပိုင်ရှင်တွေကို မြင်စေချင်လိုက်တာ။
“ဪ အဘရယ် ငွေ၅သိန်းနဲ့ရထားတာကို သိန်း၄၀၀၀ပေးတာ မရောင်းဘူးဆိုတော့ မိုက်လိုက်လေခြင်းဗျာ နို့မို့ဆိုကျွန်တော်လည်း ပွဲခ သိန်း၈၀ အသာလေးရမှာ “လို့ပဲ
ရင်နာနာနဲ့ ရေရွတ်ရင်းမိတ္တူစာရွက်တွေကို တစစီဆွဲဖြဲလိုက်ပါတော့တယ်။
ကိုစိုင်း ငွေကြိုးကြာ ၁၊၂၊၂၀၁၉
0 Comments on "အိမ်ခြံမြေအရောင်းအဝယ်လောက အမှတ်တရများ"