May 15, 2016 News 0 Comments

လုပ်ငန်းလိုင်စင်မရှိပဲ ပုံမှားရိုက်၍အလုပ်သမား၂၀၀ကျော်ထံမှ ငွေကြေးလိမ်လည်နေသော ဂိုဏ်းအား ဖမ်းဆီးနိုင်ပြီ၊ 


ဥပဒေ အရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်။
**************************************************************
၂၉.၁.၂၀၁၉ ရန်ကုန်

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင် မရှိပဲ လိုင်စင်ရှိသယောင် ဟန်ဆောင်၍ အလုပ်သမား၂၀၀ကျော်ထံမှ တဦးလျှင် ၁၀သိန်းဝန်းကျင် လိမ်လည်ခဲ့သော ချင်းမိုင်ကုမ္ပဏီအမည်ရှိ လူလိမ်ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ယင်းကုမ္ပဏီသည် မြောက်ဥက္ကလာ မြို့နယ်တွင် ဖွင့်လှစ်ထားရှိပြီး ချင်းမိုင်ကုမ္ပဏီပြည်ပအလုပ်အကိုင် အေဂျင်စီ ဆိုင်းဘုတ်တပ်ကာ အနယ်နယ်အရပ်ရပ်ရှိပွဲစားများနှင့် ပေါင်း၍ တောရွာနေ လူငယ်လူရွယ်များအား ထိုင်းနိုင်ငံသို့ ပို့ပေးမည်ဆိုပြီး လိမ်လည်နေခြင်းဖြစ်သည်။
“ကျွန်တော်တို့ကိုထိုင်းနိုင်ငံ အုန်းနို့ဗူးစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ၇.၁၁.၂၀၁၈နေ့မှာ မြောက်ဥက္ကလာက ချင်းမိုင်ကုမ္ပဏီမှာ စာချုပ်ချုပ်ပါတယ်။တဦးလျှင်ကျပ်ငွေ ၉သိန်း၈သောင်းစီကို ဒါရိုက်တာ ဦးသန်းဝင်း၏သား ကိုထိန်လင်းအောင်ကို ပေးခဲ့ရပါတယ်။ပင်လုံခန်းမမှာစာချုပ်သွါးချုပ်စရာမလိုဘူး၊ ဒီမှာချုပ်ရင်ရပြီ၊အတူတူပဲလို့ပြောပါတယ်။ ၂၃.၁၂.၂၀၁၈နေ့တွင် မြဝတီကို ရန်ကုန်မှတဆင့်ခေါ်ဆောင်သွားခဲ့ပြီး မြဝတီတွင်ရက်အနည်းငယ်နေထိုင်ရဦးမယ်ဆိုပြီး နေထိုင်စေခဲ့ပါသည်။ မြဝတီမြို့မှာ ၂၈ရက်ကြာတဲ့အထိစောင့်ခဲ့ရပြီး ထူးခြားမှုမရှိခဲ့သည့်အပြင် ပွဲစားများ၏ပုံစံ မူမမှန်၍ ရန်ကုန်သို့ပြန်ဆင်းခဲ့ပြီး MOEAF ရုံးချုပ်ကို လာရောက်တိုင်ကြား အကူအညီတောင်းခံခဲ့ပါတယ်။ MOEAFတာဝန်ရှိသူများစစ်ဆေးပေးမှပဲ အဲဒီချင်းမိုင်ကုမ္ပဏီဟာ လိုင်စင်မရှိပဲ လုပ်စားကုမ္ပဏီဖြစ်ကြောင်းသိရပါတယ်။ MOEAF က လူကြီးများကပဲ ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်အရေးယူနိုင်အောင်စီစဉ်ပေးခဲ့ပါတယ်”ဟု အလိမ်ခံခဲ့ရသူ မောင်ဖြိုးဝေအောင်က ပြောကြားခဲ့သည်။

ယင်းချင်းမိုင် ကုမ္ပဏီသည် service လိုင်စင်သာရယူထားပြီး ပြည်ပအလုပ်အကိုင်လိုင်စင်မရှိပဲ လုပ်သားစုဆောင်းခြင်း၊ငွေကြေးလိမ်လည်ကောက်ခံခြင်းများကို ဂိုဏ်းဖွဲ့၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်ကဲ့သို့တဦးလျှင် ကျပ်၁၀သိန်းဆီရယူခဲ့သော အလုပ်သမား ၂၀၀ကျော်ရှိပြီး မြဝတီမြို့တွင် ၂၈ရက်မှ ၃လကျော်အထိ နေခဲ့ကြရကြောင်းသိရသည်။ တချို့ကို ထားဝယ်၊ထီးခီးလမ်းမှ Border pass ဖြင့် ထိုင်းနိုင်ငံ ကချနပူရီခရိုင်သို့ ဝင်ရောက်စေပြီး ဘန်ကောက်သို့တရားမဝင်နယ်ကျော်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ထိုင်းမြန်မာ နယ်စပ်ဂိတ်များသည် မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိပါက Border Pass ဖြင့်တရားဝင်တပတ်နေထိုင်လည်ပတ်ခွင့်ရသော်လည်း မဲ့ဆေါက်၊ ကချနပူရီစသော ခရိုင်များထက်ကျော်လွန်၍ သွားလာခွင့်မရပေ။ ယင်းတို့အနေဖြင့်နယ်စပ်ကိုတရားဝင်ဖြတ်ကျော်၍ ဘန်ကောက်အထိတရားမဝင်ဖြတ်ကျော်စေခဲ့ခြင်းဖြစ်သည်။ ဤသို့ တရားမဝင်ပို့ဆောင်ပေးခဲ့သောလူပေါင်း ၁၀၀၀ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။
“ကျွန်တော်နာမည်က ရဲထိုက်ပါ။ညောင်ပင်သာ၊ဖြူးမြို့နယ်မှာနေပါတယ်။ ကျွန်တော်အပါအဝင် ကျား၅ဦး မ၄ဦးတို့ကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ၁၁လပိုင်း ၂၀၁၈မှာ ကိုမျိုးလွင်၊ ဦးသန်းဝင်း၊ ဦးမြင့်ဌေး၊ဒေါ်ခင်ရွှေ၊ဒေါ်စိန်မြင့်၊ ကိုမျိုးဇော်တို့နဲ့ အဆက်အသွယ်ရရှိခဲ့ပါတယ်။ သူတို့က ထိုင်းသွားဘို့ ကူညီပေးမယ်ဆိုပြီး ၁၁သိန်းကျပ်စီပေးသွင်းရမယ်ပြော၍ သဘောတူပေးအပ်ခဲ့ပါတယ်။
ငွေသွင်းပြီး ၁၂လပိုင်းမှာ မြောက်ဥက္ကလာမြို့နယ်၊ ငွေကြာလမ်း အမှတ်၃၀၂ရှိ ချင်းမိုင်ကုမ္ပဏီသို့ လိုက်လံပို့ပေးခဲ့ပါတယ်။ကုမ္ပဏီတွင် မန်နေဂျင်းဒါရိုက်တာ ဦးသွင်ထူးအောင်(ခေါ်)ဝတုတ် ဆိုသူမှ ထိုင်းနိုင်ငံရှိဆိုဖာစက်ရုံ၊ကော်စက်ရုံ၊ အုန်းနို့ဗူးစက်ရုံများတွင်အလုပ်လုပ်ရမည်ဟုပြောပြီး ယင်းကုမ္ပဏီရုံးခန်းတွင်စာချုပ်ချုပ်ဆိုပေးခဲ့ပါတယ်။နိုင်ငံကူးလက်မှတ်တွေကိုတော့ သူတို့သိမ်းထားပါတယ်။၁၂.၁.၂၀၁၉နေ့မှာသူ့ကုမ္ပဏီရုံးခန်းမှာတည်းခိုစေခဲ့ပြီး ၁၅ရက်နေ့မှာ အောင်မင်္ဂလာ အဝေးပြေးကားဂိတ် ရွှေမြင်းပျံလိုင်းကားနဲ့ထားဝယ်သို့ပို့ပေးခဲ့ပါတယ်။ ထားဝယ်ကနေ ထီးခီးမြို့မှတဆင့် ထိုင်းနိုင်ငံမဟာချိုင်မြို့သို့ပို့ဆောင်ပေးခဲ့ပြီး ၁၇.၁.၂၀၁၉ နေ့မှာကျွန်တော်တို့နေထိုင်ရာကို ထိုင်းရဲတွေရောက်ရှိလာပြီး အယောက်၂၀လုံး ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ IDCကိုပို့တယ်။မဟာချိုင်တရားရုံးကိုပို့တယ်၊ထောင်ကိုပို့တယ်။၈ရက်ကျော် အချုပ်ခံခဲ့ရပါတယ်။၂၃ရက်နေ့မှာ တယောက်ဘတ်တထောင်ပေးရင် အိမ်ပြန်ရမယ်ဆိုလို့ပေးခဲ့ရပြီး ဘတ်မပါသူတွေက မြန်မာငွေ၅သောင်းပေးခဲ့ရပြီး IDCမှ ည၉နာရီမှာ မဲဆောက်ကိုပို့တယ်။မဲဆောက်လဝက ကစီစစ်ပြီး မြဝတီ၉၉၉ဂိတ်ကို ပို့တယ်။
အဲဒီကနေ CTUMနဲ့ MOEAFတို့ရဲ့ကူညီဆောင်ရွက်ပေးမှုနဲ့ ရန်ကုန် MOEAFရုံးကိုရောက်ရှိလာပြီး ဥပဒေအရ အရေးယူနိုင်ရန် ရဲစခန်းမှာ အမှုဖွင့်ပေးခဲ့ပါတယ်။လိုအပ်တာမှန်သမျှကိုလည်းကူညီဆောင်ရွက်ပေးတဲ့အတွက် MOEAF နဲ့ CTUMကို ကျေးဇူးတင်ပါတယ်”ဟု ယင်းချင်းမိုင် General serviceကုမ္ပဏီကြောင့် ထိုင်းတွင်အဖမ်းခံခဲ့ရသော အလုပ်သမားများမှ ပြောကြားခဲ့သည်။

၂၉.၁.၂၀၁၉နေ့ကလည်း ယင်းချင်းမိုင် General Serviceက လိမ်လည်ထားသော ညောင်လေးပင်မြို့နေ စိုးသီဟပါ အလုပ်သမား၄၆ဦး တို့သည်မြဝတီမြို့မှ ပြန်လည်ရောက်ရှိလာပြီး MOEAFသို့လာရောက်အကူအညီတောင်းခံခဲ့ကြောင်း၊ ထိုမှတဆင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းရုံးသို့ ချိတ်ဆက်သွားရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းအ.လ.ညမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးကိုယ်တိုင်ဦးစီးပြီး မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှူဆောင် ဦးကျော်ထင်ကျော်တို့နှင့်အတူလိုအပ်သည့်စစ်ဆေးချက်များကို စီစစ်ဆောင်ရွက်ခဲ့ပြီး တရားခံများဖမ်းမိနိုင်ရေးအတွက် မြောက်ဥက္ကလာ ဝေဘာဂီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

“ဒီကလေးတွေကိုထီးခီးလမ်းကနေခိုးပို့တာတွေ့ရတယ်၊တချို့ကလေးတွေရဲ့စာအုပ်တွေမှာ work permit ရိုက်ထားတာတွေရှိတယ်လို့ ကလေးတွေကပြောတယ်။ work permitက ဘယ်ကရမှာတုံး၊ ဒါအတုပဲဖြစ်မယ်။စစ်ကြည့်ရင်ထပ်ပေါ်မှာပဲ၊ထပ်စွဲလို့ရတယ်၊ မြဝတီမှာလည်း ၃နေရာလောက်မှာ လနဲ့ချီပြီးထားတယ်။ဒီကောင်တွေလိမ်တာများနေပြီ၊ အမှုတွေလည်းများနေပြီ။ကျွန်တော်တို့ ဆက်တိုက်စောင့်ကြည့်ပြီးတိုင်ကြားနေတာ၊လက်ရှိလည်းအမှုဖွင့်ထားတယ်၊ပထမတခေါက်၎ယောက်လာတယ်၊လူကုန်တားကိုတိုင်ပြီးရှင်းပေးပြီးပြီ။ နောက်၂ယောက်၊ နောက်ထပ်အယောက်၂၀လာတယ်၊ အဲဒီကောင်တွေကို အမှုဖွင့်တယ်၊ခု၄၆ယောက်ထပ်လာတယ် အမှုထပ်ဖွင့်ပြီ။နောက်ထပ် မြဝတီကနေပြန်လာမဲ့ အဖွဲ့တွေ ထပ်ရှိသေးတယ်လို့သတင်းအတိအကျထပ်ရထားတယ်။ ကျွန်တော်တို့ MOEAF အဖွဲ့နဲ့ CTUMအဖွဲ့တွေလည်းသွားနေပြီ၊ဒါကြောင့် ဒီအမှုတွေကို သေချာပေါက် အရေးယူဘို့လိုအပ်တယ်။
ဒီဟာက ဂိုဏ်းဖွဲ့ပြီးလုပ်တာဖြစ်တဲ့အတွက် အလုပ်သမားတွေအရမ်းနစ်နာတယ်၊လင်မယား၂ယောက်ဆို သိန်း၃၀လောက်ကုန်ပြီး မြဝတီကနေ ပြန်လာရတယ်ဆိုပြီး ငိုလိုက်တာ။ထိထိရောက်ရောက် အရေးယူရမယ်၊ ရဲကတော့လိုက်ဖမ်းပြီ၊ ၆ယောက်မိထားပြီ၊တရားရုံးမှာ လွတ်မသွားဘို့ အရေးကြီးတယ်၊တရားသူကြီးရဲ့ စိတ်ခံစားချက်ကြောင့်တွေ ၊ဆင်ခြင်တုံတရားတွေကြောင့်တွေ ဘာတွေ ဒါမျိုးမှာမရှိသင့်ဘူး။ဒါဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ လိုအပ်ရင် လွှတ်တော်တို့ စတဲ့အခြားအဖွဲ့အစည်းများအားနဲ့ပေါင်းပြီး တရားရေး မဏ္ဍိုင်ကို ဖိအားပေးတည့်မတ်ရမဲ့သဘောရှိတယ်။
တချို့မြဝတီက အမှုမဖွင့်ပဲ ပြန်သွားတာတွေရှိတယ်။ မြဝတီမှာလည်း သူတို့အောင်းထားတဲ့နေရာတွေရှိနေတယ်။ နယ်စပ်ကနေ လူခိုးပို့နေတဲ့ ဂိုဏ်းတွေကို MOEAFက သေသေချာချာ တိုင်ကြားပြီး ဖမ်းဆီးစေခဲ့တဲ့အမှုတွေရှိခဲ့တယ်။ တရားရုံးရောက်တော့ တရားခံတွေကို လွှတ်ပစ်လိုက်တယ်။
ဒီတခါတော့ MOEAF အနေနဲ့ ထိထိရောက်ရောက်ကို စောင့်ကြည့်သွားပါမယ”်ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှုဆောင် ဦးကျော်ထင်ကျော်မှ မှတ်ချက်ပြုသည်။

ဒီလို လိမ်လည်ခံနေရတဲ့ကိစ္စတွေ၊ ကြားပွဲစားတွေက ငွေကြေးမြောက်မြားစွာဖြတ်ယူနေတဲ့ကိစ္စတွေ၊အလုပ်သမားများလမ်းကြောင်းလွဲနေတဲ့ကိစ္စတွေ၊ အလုပ်သမားများနစ်နာမှုကြောင့် ဥပဒေအရ အရေးယူရမဲ့ကိစ္စများကို ဆောင်ရွက်နိုင်ရန် MOEAF အနေနဲ့ ရံပုံငွေတရပ်ထူထောင်သွားမည်ဖြစ်ကြောင်း MOEAF ၏တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) ဦးမြတ်သူကသုံးသပ် ပြောကြားခဲ့သည်။
ယခုအခါ ယင်းလူငယ်၄၆ဦးတို့အတွက် ရန်ကုန်မြို့တွင်နေရေး၊ထိုင်ရေးကအစ MOEAFက အစစအရာရာ စောင့်ရှောက် ကူညီပေးလျှက်ရှိသည်။ အမှူများပြီးဆုံးပါကလည်း ပြည်ပနိုင်ငံများသို့ စနစ်တကျ သက်သာစွာသွားရောက်နိုင်ရန် MOEAFက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာလူငယ်လူရွယ်များပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ရန် ကြိုးစားမှုမြင့်တက်လျှက်ရှိကြရာတွင် ယင်းကဲ့သို့အလိမ်ခံနေရမှုများ၊ ပွဲစားများ၏ ခေါင်းပုံဖြတ်ခံနေရမှုများ၊ လုပ်ငန်းလိုင်စင်မရှိပဲ လုပ်စားနေသူများ၊ဘာသာစကားသင်တန်းကျောင်းဖွင့်ပြီး ခိုးပို့နေသူများ စသော အခွင့်အရေးသမားများ မြို့တိုင်းရွာတိုင်းတွင်ပျံ့နံ့ပေါက်ပွားနေသဖြင့် သက်ဆိုင်ရာများမှ စီမံချက်ချ၍ အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်လျှက်ရှိကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ အကြိမ်ကြိမ်အကြံပြုတင်ပြခဲ့ကြောင်း သိရှိရသည်။ ။

MOEAF ပြန်ကြားရေးကော်မတီ

Share: