လူငယ်တွေကိုသိစေချင်လို့( ၂ )

မလေးရှားမှာ ၁၉၉၅ခုနှစ် အစလောက်ရောက်တော့ အလှည့်အပြောင်းတခုဖြစ်သွားတယ်။ လူလိမ်ခံရခြင်းပါ။ ပိုင် ရိုက်တဲ့အလုပ်နဲ့ကေဘယ်လ်ဆွဲတဲ့ အလုပ်ကြားမှာ ကျွန်တော်အပါအဝင် အုပ်စုလိုက်အလိမ်ခံရခြင်းပါ။ တရုတ်လက်ဘက်ရည်ဆိုင်မှာ အလုပ်ပိတ်ရက်ဆို သွားထိုင်ကြရင်း တခါတလေ တရုတ်အသုဘမှာ အခေါင်းထမ်းရင် ၅၀ ရလို့ ထမ်းလိုက်ကြသေးတယ်။ အဌားငိုပေးပြီးပိုက်ဆံကောင်းကောင်းရတဲ့ တရုတ်မတွေရဲ့အသံစူးစူးကိုတော့ သောက်မြင်ကတ်မိနေတုန်း။
ဝက်ခေါင်းတစ်ခေါင်းပြား၅၀နဲ့ ကလီစာပါအဆစ်တောင်းလို့ရတဲ့ခေတ်၊ ကြက်ခြေထောက်ကို ခွေးကျွေးဖို့ဆိုပြီး အလကားတောင်းတဲ့ခေတ် မလေးရှားမှာတကယ်ရှိခဲ့ဖူးတယ်။

အဲဒီဆိုင်မှာပဲ တရုတ်လူရည်သန့် တစ်ယောက်က သူ့မှာစက်ရုံကောင်းကောင်းတွေရှိတယ် လုပ်မလားဆိုပြီး အုပ်စုလိုက် သူ့နောက်ပါသွားကြတာ အလုပ်တွေ တစ်ခုပြီးတစ်ခုပင်ပင်ပန်းပန်းလုပ်ပြီး လစာက တစ်ပဲခြောက်ပြားပဲရတော့မှ ခေါင်းပုံဖြတ်စားတာခံရမှန်းသိပြီး
ငွေပြန်တောင်းတာမပေးလို့ ငြိမ်ခံပြီး အလျှော့ပေးခဲ့ရတယ်။ နောင်တချိန် ကေဘယ်လ်ဆွဲတဲ့ အလုပ်လုပ်ရင်း သူ့ရပ်ကွက်ကို ညဘက်အမှတ်မထင်ပဲ သွားလုပ်ရတော့ ဘာပြောကောင်းမလဲ ကားဘေးမှန်တွေကို သတင်းစာနဲ့အုပ်ပြီးရိုက်ခွဲ ၊တာယာတွေကိုဓားနဲ့လှီး၊
ကားဘော်ဒီကို ဆေးသားတွေခြစ်ပြီးခွာနဲ့ လုပ်လိုက်တာ ရစရာမရှိဘူး။ လမ်းပေါ်မှာဆူညံနေတော့ ဘယ်သူမှတောင်မသိလိုက်ဘူး။ အဲဒီလိုဆိုးခဲ့တာပါဆို။

ကျွန်တော်နေတဲ့ ဘလက်ကောင်း ၁၁မိုင်ဆိုတာ တရုတ်ရပ်ကွက်ဖြစ်ပြီးအဲဒီမှာ ချည်ထည်ကို ဂွမ်းကနေစပြီး ချည်ထည်မျိုးစုံထုတ်တဲ့ Cotton Towel ဆိုတဲ့ ဧရာမစက်ရုံကြီးရှိတယ်။ မြန်မာတွေတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရနေတဲ့အချိန်ကအဲဒီစက်ရုံမှာ မြန်မာတွေ ကြီးစိုးထားတဲ့အချိန်ဖြစ်တာကြောင့် မြန်မာပေါများတဲ့ရပ်ကွက်လည်းဖြစ်ပါတယ်။ အခုတော့ အဲဒီစက်ရုံနေရာမှာ ကုန်တိုက်ကြီးတွေဖြစ်ကုန်ပါပြီ။

အဲဒီအချိန်တုန်းက အခုမြန်မာတွေပေါများတဲ့ Tamin Jaya ဆိုတဲ့အရပ်ဟာ လူသိပ်မနေသေးတဲ့ ဒုစရိုက်တွေပေါများတဲ့ အရပ်ဖြစ်ပြီး အခုချိန်ထိရှိနေသေးတဲ့ ဘီနား Benarစက်ရုံမှာ ခင်မင်ခဲ့တဲ့ မြန်မာလူမျိုးတွေရှိတယ်။ သူတို့စက်ရုံက( ငါး )ကိုတော့တော်တော်ကြိုက်ကြတယ်။ PVCပိုက်ကြီးတွေထုတ်ရတော့ ပိုက်တစ်လုံးပြီးဖို့ ထိုင်စောင့်ရင်း ငါးကောင်းလို့ မှိန်းရင်း ဟန်ကျကျနဲ့ လုပ်နေကြတာ အမှတ်တရပါပဲ။

ကျွန်တော်က အဲဒီနယ်မြေကအရမ်းဆိုးတဲ့ အင်ဒိုနီးရှားတွေနဲ့တော်တော်ခင်တာ တခါတလေ အဲဒီရွာမှာ လနဲ့ချီပြီး သွားနေတတ်တာ။သူတို့က မလေးရှားမှာ အခြေချပြီး ရွာအကြီးကြီးတည်ပြီးနေကြတာ နှစ်ပေါင်းများစွာထဲကပဲ။ ဆောက်လုပ်ရေးလုပ်ကြတာများပြီး
မိန်းမတွေက စက်ရုံတွေမှာလုပ်ကြတယ်။ အင်ဒိုတွေက ရိုးသားပြီး အလုပ်ကို အရမ်းလုပ်နိုင်ကြတယ်။ မလေးရှားနိုင်ငံတိုးတက်တာ အင်ဒိုတွေရဲ့ လုပ်အားကြောင့်လည်းပါတယ်။ မလေးရှားလူမျိုးတွေက ဘူမိပူထရာဆိုတဲ့ ဒေသခံမူရင်းလူမျိုးဆိုတော့
အခွင့်ထူးရထားတယ်။ သူတို့ကိုတော်ရုံနဲ့အလုပ်ဖြုတ်လို့မရဘူး။

အဲဒီနယ်တဝိုက်မှာ ကိုအောင်မိုးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့နောက်ကြောင်းမသိပေမယ့် သူက အဲဒီဒေသတဝိုက်မှာ နာမည်ကြီးတယ်။ ငွေရဖို့ဆိုရင်ဘာမဆိုလုပ်တယ်။ လူဆိုးလူမိုက်လိုအကြမ်းသမား မဟုတ်ဘူး။ ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးလိုမျိုး။
သူက TV နဲ့အောက်စက် အဌားလိုက်ပြတယ်။ မြန်မာခွေဌားတယ်။အလုပ်ပွဲစား၊ပါမစ်အတု၊ သက်တမ်းတိုးအတု ၊ ရဲသတင်းပေး၊စကားပြန်၊ ပါတ်စပို့ကပ်ခွာတဆင့်လက်ခံ ၊ မြန်မာအစားအစာ တခါတလေရောင်းတာတွေ အကုန်လုပ်တယ်။ သူကမလေးသူ ကလေး၄ယောက်အမေ သင်္ဘောသားမိန်းမကိုပြန်ယူထားတာ မလေးမနဲ့ယူထားတော့ Kajang မြို့နယ် ရဲတွေနဲ့ပေါင်းပြီး Overstay နဲ့နေကြတဲ့ မြန်မာအိမ်တွေကို သတင်းပေးပြီး ဝင်ဖမ်းခိုင်းတယ် ။ ပြီးရင်ငွေညှစ်ပြီး ခွဲတမ်းယူတယ်။
ဒါကြောင့် သူဆိုင်ကယ်နဲ့ပတ်နေရင် အိမ်တံခါးပိတ်ပြီး ငြိမ်ငြိမ်လေးနေခဲ့ရတဲ့ အချိန်တွေ Batu 11 ၁၁မိုင် မှာရှိခဲ့ဖူးတယ်။ တနေ့ကျတော့ သူနေတဲ့အိမ်နားက လမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးနေရင်း ကွန်တိန်နာကားကြီးကတက်ကြိတ်သွားတာ ခေါင်းပါပြားပြီးသေပါလေရော။

မလေးရှားကရဲတွေဆိုတာ တရားမဝင်လုပ်သားတွေ့ရင် ဓားပြထက်ပိုကြောက်ရတယ်။ ၅ကျပ်၁၀ ပါရင်တောင် အကုန်ယူသွားတတ်တာကျွန်တော်တို့တွေဆိုရင် ခပ်ဝေးဝေးကလာတဲ့ဆိုင်ကယ်ကို ဦးထုပ်မြင်လိုက်တာနဲ့ ရဲဆိုင်ကယ်ဆိုတာ တပ်အပ်သိတယ်။
ရဲကားတွေလည်းထိုနည်းလည်းကောင်းပဲ။ သူများတွေက ရဲကြောက်လို့ ပါမစ်တုန်းအတုတွေထုကြ နောက်ပိုင်းစတေကာနဲ့ဆို စတေကာအတုကပ်ကြ၊ ပတ်စပို့သက်တမ်းသေရင် သက်တမ်းတုံးအတုထုကြနဲ့ ၊ ငွေလည်းကုန် မသေသပ်ရင်
အမှုကပိုကြီးရော။ ကျွန်တော့်စိတ်က တမျိုးဗျ စာအုပ်မှာ ဘာတစ်ခုမှ အတုလည်းမထုဘူး စတေကာလည်းမကပ်ဘူး အရင်ကမြန်မာပတ်စပို့အကြီးနဲ့လည်း ဓာတ်ပုံကပ်ခွာလုပ်ပြီး မနေခဲ့ဘူး။ သွားလေရာ ပတ်စပို့ယူသွားတယ် အော်ပရာစီ (စီမံချက်)နဲ့မိရင်လည်း ပြန်လို့လွယ်အောင်ပါ။

ကလေးသာသာအတွေးနဲ့ ရဲမကြောက် ဘာမကြောက်နဲ့နေခဲ့တာ ၁၉၉၈ခုနှစ်မှာ တရားမဝင်လုပ်သားတွေ
ပတ်စပို့စာအုပ်ရှိရင် တရားဝင်လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်နိုင်ပြီလို့ ကြေညာလိုက်တော့ ငေါက်ကနဲထပြန်လာတာ ကျွန်တော်ပါပဲ။
တချို့ကတော့ သူများပတ်စပို့မှာ ဓာတ်ပုံပြောင်းပြီး ပြန်လာတော့ မင်္ဂလာဒုံလေဆိပ်ရဲစခန်းမှာ အဖမ်းခံရပြီးထောင်ကျခံ ၊မခံချင်ရင် ငွေကုန်ခံလိုင်းရိုက် ရဲစခန်းမှာ အချုပ်ကျပြီး တရားသူကြီးကချမှတ်တဲ့ ဒဏ်ငွေ၅၀ကျပ်နဲ့
လွတ်စေသတည်းပေါ့ဗျာ။ လေဆိပ်ရဲစခန်းကအချုပ်ခန်းထဲမှာ အဲဒီအချိန်ကတခြားပြစ်မှုနဲ့ အချုပ်ထဲရောက်နေတဲ့ အချုပ်သားတွေ အတွက်တော့ အနိုင်ကျင့်မိုက်ကြေးခွဲပြီး အူစိုနေစေခဲ့တဲ့အချိန်တွေပါပဲ။
နိုင်ငံခြားမှာ တရားမဝင်မိုက်တိမိုက်ကန်းနေလာကြပြီး ဒီကအချုပ်သားကို ဖင်တုန်အောင်ကြောက်နေကြတာ ရီဖို့တော့ကောင်းသားဗျာ။ ဟိုကောင်တွေက ဘာမှုနဲ့ကျနေမှန်းမသိတော့ နိုင်ငံခြားပြန်ကြီးတွေ ကြောက်ရတာပေါ့😁

မြန်မာပြည်လေဆိပ်မှာ လဝက ကို ပတ်စပို့စာအုပ်ပြန်အပ်တဲ့အခါ လဝကအရာရှိကသန့်ရှင်းသပ်ရပ်ပြီးမလေးရှားကိုအဝင်တံဆိပ်တုံးနဲ့ အထွက်တံဆိပ်တုံးပဲရှိတဲ့ပတ်စပို့စာအုပ် နံပါတ် Passport No 023261ကိုကြည့်ရင်း ၅နှစ်လောက် မင်းဘယ်လိုများနေခဲ့တာလဲ
ဆိုပြီး အံ့သြတကြီးမေးခဲ့လို့ ပြုံးစိစိနဲ့ပဲနှုတ်ပိတ်နေခဲ့ပါတော့တယ်။ အဲဒီလိုမလေးရှားမှာတရားမဝင် နေထိုင်လုပ်ကိုင်ခဲ့သော်လည်း ကိုယ့်နိုင်ငံရဲ့ဥပဒေကို မချိုးဖောက်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ ပတ်စပို့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်သက်တမ်းတိုးကာ
မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

လေဆိပ်ကအထွက်မှာ အိမ်က လာကြိုတဲ့ကားနဲ့အခန့်သား ပြန်လိုက်သွားရတာဘဝမှာ အခန့်ညားဆုံးအချိန်လို့ တွေးပြီးမြင်ယောင်နေတုန်းပါပဲ။ ပြည်ပကိုအလုပ်သွားရောက် လုပ်ကိုင်ခဲ့ခြင်းသည်လည်း နောက်ဆုံးအကြိမ်ပဲဖြစ်ပါတော့တယ်ခင်ဗျာ။

ဆက်ရန်

ကိုစိုင်း ငွေကြိုးကြာ ၂၇၊၁၊၂၀၁၉

Share: